ကံကောင်းစွာမီးကပျက်၍ တိတ်ဆိတ်ငြိမ်သက်နေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး “ယုဇန၊ ယုဇန နောက်ဆုံးကား ” ဟုအော်နေသံမှတစ်ပါး လမ်း ၄၀ တစ်ခွင်လုံး မြူမှုန်မ၀ါးတစ်ဝါးကြားတွင်မည်သည့်အသံမှမကြားရချေ။ ညက နွမ်းလျလျအပျိုလေးတစ်ယောက်အလား နွမ်းလျလျက်နှင့်ပင် မခို့တစ်ယို့လေးလှနေ၏။ ကွန်ပစ်တာ ညာထောင့်က ၃:၄၅ ဟူသောဂဏန်းက ကျွန်တော့်အား မျက်စိကျယ်သွားစေသည်။ ဘုရား ဘုရား ငါအမှောင်ထဲက ကွန်ပစ်တာရှေ့မှာထိုင်နေတာ ခုဆို အရုဏ်လင်းလုလုပါပဲလား။
ချစ်သူရယ် … မဟုတ်ဘူး။ မဟုတ်တော့ပါဘူးလေ။ ချစ်ခဲ့ဘူးသူရယ် နင်ခုထိငါ့ရင်ထဲ သုံးဘက်မြင်နှလုံးသားရုပ်ရှင်ကားကြီးကို ရသစုံလင်အောင်လှုပ်ခတ်ပြသနေစေတုန်းပါပဲလား။ ဒီလိုပါပဲ။ ဒီလိုမြူတွေဆိုင်းတဲ့ညက… ငါက ဟိုးအဝေးလွယ်ဆောင်းတောင်နားက မြို့လေးမှာ ငါ့အခန်းထဲ တစ်ဦးတည်းတိတ်ဆိတ်လို့ပေါ့။ အဲဒီတုန်းက အေးလှတဲ့ရှမ်းပြည်ရဲ့ဆောင်းညဆိုပေမယ့်လည်း ငါ့ရင်ထဲနွေးနေတယ်လေ။ အဲဒီညက နင် လေလှိုင်းထဲကတစ်ဆင့် “ချစ်တယ်” လို့စကားနှစ်လုံးနဲ့ ဖုန်းချသွားခဲ့တယ်လေ။ စကားပြောတဲ့ဟာကို တီထွင်တဲ့လူကို ငါ့မှာပြေးပြေးပြီး ကျေးဇူးတင်လိုက်မိတဲ့ည။ အိတ်ချိန်းရုံးမှာ ထခုံမတတ် ရွနေတဲ့ငါ့ကို သူငယ်ချင်းကနားမလည်တဲ့ မျက်ဝန်းတွေနဲ့ကြည့်ပြီး ခေါင်းခါပြခဲ့တယ်။ ဖုန်းရုံးကအထွက် ငါ့ဆိုင်ကယ်က အေးလှတဲ့ရှမ်းပြည်ကဆောင်းလေကို ခွင်းရင်း မြင်းပျိုလေးပမာ ခုန်ပေါက်ပြန်လာခဲ့တယ်။ ရင်ထဲမှာနွေးနေတယ်။ ငါမအေးပါဘူးကွယ်။ ငါနည်းနည်းလေးမှ မအေးစက်ခဲ့ပါဘူး။
ပြန်တွေးတာနဲ့တင် ငါ့ရင်ထဲနွေးလာသလလိုလိုပါလား။ အိုမဟုတ်ဘူး။ တစ်ဆစ်ဆစ်လေးနဲ့ နာကျင်နေတာပါ။ ကိုယ့်ကိုကို လိမ်မနေပါနဲ့ကွယ်။ မင်းနာကျင်နေတယ်ဆိုတာ ၀န်ခံလိုက်စမ်းပါ။ သတ္တိရှိစမ်းပါကွာ။ အသည်းကွဲတယ်ဆိုရင် ပက်ပက်စက်စက်ကွဲလိုက်လေကွာ။ ဟင့်အင်း .. မဟုတ်ဘူး။ ငါဘာမှမဖြစ်ဘူး။ ဒါလောကဓံပဲ။ ဘာဖြစ်ရမှာလဲ ဒါလောက်လေးနဲ့။ ဒီလိုဆိုးတဲ့ဟာတွေနဲ့လည်း ငါကြုံခဲ့တယ်။ ဒါပေမယ့် ငါပြန်ထနိုင်ခဲ့တယ်။ ငါမျက်ရည်ပုလဲပန်းတော့ ပွင့်ကြွေမခံနိုင်ဘူး။ငါမငိုဘူး။ မငိုဘူးဆိုပေမယ့် လျှာပေါ်က ငန်ကျိကျိအရသာက ကျွန်တော့်ခံစားချက်ကို သက်သေပြနေသလား။ လှောင်ရယ်နေသလား မသိရကား။
မီးဖိုထဲလေးလံတဲ့ခြေလှမ်းတွေကို ရေတွက် ရေခွက်ကြီးကြီးတစ်ခွက်ထဲကရေကို ဒေါသတစ်ကြီးမျိုချလိုက်တယ်။ အားပါး နှလုံးသားထဲထိ ချိုစိမ့်သွားသလိုပဲ။ ပြီးတော့ ၀ရန်တာမှာ လရောင်အောက်က နီရဲနေတဲ့ ၀န်ကြီးရုံးဟောင်းကြီးကို အဓိပ္ပာယ်မဲ့လှမ်း ကြည့်လိုက်မိတယ်။ ၀ိုးတစ်ဝါးလရောင်အောက်က နီရဲရဲဗိမာန်ကြီးတွေက ကျွန်တော့်ကို … နှစ်သိမ့်နေသယောင်…။ မဟုတ်ပါဘူးကွာ။ အိုဟောင်းနေတဲ့အဆောက်ဦးကြီးက မင်းရဲ့အတိတ်ကို ပြန်လှစ်ဟပြတာပါဟ။ ငါစာနာပါတယ်ဆိုတဲ့သဘောနဲ့ပေါ့။ အင်းလေ ဖြစ်ပြီးမှတော့ ထားပါတော့ကွာ။ အဖြစ်တွေက ကြာခဲ့ပြီလေ။ ကြာခဲ့ပြီလေ။ ဟိုးအတိတ်ကို အတိတ်မှာပဲ ….
အခန်းထဲပြန်ဝင်ပြီး သေတ္တာထဲက အကြိမ်ပေါင်းများစွာဖတ်လို့ ခေါက်ရိုးကျေနေတဲ့ စာရွက်ခေါက်လေးကို ဖြန့်ပြီးတိုးတိုးလေးဖတ်ကြည့်မိပြန်တယ်။ ” ငါနင့်ကိုချစ်တယ်ဆိုတာ နင်သိပါတယ်ဟာ။ ခုဟာကလည်း ငါနင့်ကို မချစ်လို့မဟုတ်ပါဘူး။ ငါ့ဘ၀အခြေနေအရ.. ငါ့မိသားစုအရေးကို ငါ….. ” နင်ရဲ့ဝိုင်းစက် သပ်ရပ်တဲ့လက်ရေးလေးတွေက ငါ့ကိုပြုံးပြုံးပြီးပြောနေတယ်။ နင့်ရုပ်ပုံလွှာလေးလည်း ငါ့စိတ်မျက်စိမှာ ဖျက်ကနဲ၊ ဖျက်ကနဲ ကြယ်ကြွေသလိုလင်းလက်နေတယ်။ ထားပါတော့ကွယ်။ ထားပါတော့။
သူငယ်ချင်းတစ်ယောက်ပြောဖူးတယ်။ လူတိုင်းမှာဖွင့်ပြောလို့မရတဲ့နောက်ခံသမိုင်းကြောင်းကိုယ်စီရှိတယ်တဲ့။ ဟုတ်မှာပါလေ။ ဒါဟာင့ါရဲ့ နောက်ခံသမိုင်းလေးလား။ ထားပါတော့။ ထားပါတော့။ အေးစက်နေတဲ့ ကြွေခွက်လှလှထဲက လက်ကျန်ကော်ဖီအေးစက်စက်ကို မော့ချနေရင်း … ဖျက်ဖျက် ဆိုပြီး လျှပ်စစ်ဖန်ချောင်းက လင်းလာတယ်။ ဟေး လို့တော့ထမအော်မိပါဘူး။ နာရီကိုကြည့်လိုက်တော့ ၆:၀၀ တဲ့။ သြော် လင်းရောင်ခြည်တောင် ပွင့်ကိုမြင်တော့ ငါဒီနေ့ ကျောက်တန်းကို သူငယ်ချင်းတွေနဲ့သွားရမှာပါလားလို့ သတိဝင်လာရင်း မီးဖိုထဲဝင် ရေနွေးအိုးထဲ ရေလောင်းထည့်လိုက်တယ်။ ငါကော်ဖီသောက်ရမယ်။ ငါ့သွေးသား မဟုတ်ဘူး စိတ်ဝိဥာဉ် ကဖင်းဓါတ်လိုအပ်နေပြီလေ။ နင့်ကို ငါကျီစယ်ခဲ့တာကိုအမှတ်ရသေးတယ်။ ငါအချစ်ဆုံးကဘယ်သူလဲဆိုတော့ ကော်ဖီ ပြီးရင်နင်ဆိုတာလေ ။ အဲလိုပြောတိုင်းနင်ငါ့ကို အနိုင်ကျင့်ကလိထိုးနေကျလေ။ ဟိ ပြောရင်းနဲ့တောင် ယားလာသလိုပဲ။
နိုးထတဲ့မနက်တိုင်းနင်ဖျော်ပေးတဲ့ကော်ဖီကို ငါမမျှော်လင့်တော့ပါဘူး။ အင်းလေမမျှော်ကောင်းတော့တာပါ။ ဘူးထဲက ကိတ်မုန့်တစ်ချပ် ၀ါးရင်း ရေနွေးဆူနေတာကို ကြည့်နေမိတယ်။ မဆီမဆိုင် အချစ်နဲ့ရေနွေးပွက်တာကို ယှဉ်စဉ်းစားကြည့်လိုက်သေးတယ်။ သီအိုရီအသစ်ထုတ်နို်င်မလားဆိုပြီးတော့လေ။ အတွေးနယ်ထဲဝဲရင်း ဘူးထဲက နက်စ်ကော်ဖီမုန့်လေးတွေကို ကြွေခွက်ထဲ ခါထည့်လိုက်တယ်။ ရေနွေးဆူဆူက ခွက်တစ်ခွက်လုံးကို မဲတူးသွားစေတယ်။ အား… သင်းရနံ့လှိုင်လိုက်တဲ့ကော်ဖီ … ငါချစ်တဲ့ကော်ဖီနံ့လေး…။
ဝရန်တာဘောင်ပေါ်လက်တင်ရင်း မနက်ခင်းကို ကြိုရတာ အရသာရှိလိုက်ပါလားနော်။ ပန်းဆိုးတန်းမှတ်တိုင်နားမှာနေတာဆိုတော့ သီရိမင်္ဂလာဈေးကပြန်လာတဲ့ စပယာရဲ့ အင်းအားအပြည့်နဲ့ သာကေတ၊ သာကေတအော်သံက ဆူစပြုနေပါပြီ။ အောက်ကိုငုံကြည့်လိုက်တော့ လူတစ်ချို့ သွားလာလှုပ်ရှားနေကြပြီ။ အော် အိပ်မရတဲ့ညတစ်ည ဆုံးခဲ့ပြန်ပါပကော၊ ဆုံးခဲ့ပြန်သော…။
လှပတဲ့မနက်ခင်းအလှနဲ့ ကဖင်းဓါတ်ရတာကြောင့်ထင်တယ်။ လူကနဲနဲတော့လန်းလာသလိုပဲ။ အေးနေပေမယ့်လည်း တစ်ဗွမ်းဗွမ်းနဲ့ မကျိုးတဲ့ဟာကို ချိုးကြည့်လိုက်ပြန်တယ်။ တစ်ကိုယ်လုံးကို သုတ်ရင်း … အမေယူလာတဲ့ရွှေဖီဦးမိုးလွတ်လက်ဖက်ခြောက်လေးကို ခွက်ထဲထည့်ခတ်လိုက်တယ်။ လက်ကျန်ရေနွေးလေးကို လောင်းထည့်ပြီး ပထမရေကို သွန်ထုတ်လိုက်တယ်။ ရေနွေးကြမ်းသင်းနံ့လေးကို ကြိုဆိုရင်း ဖျင်နီယောအင်္ကျီလေးကိုဝတ်တယ်။ ဘောင်းဘီတိုလေးကို ကောက်စွပ်တယ်။ ပြီးတော့ နောက်ဆုံးလက်ကျန် ကိတ်မုန့်ပိုင်းလေးကို ရေနွေးကြမ်းနဲ့ မျှောချလိုက်တယ်။
နာရီကိုကြည့်လိုက်တော့ ခုနှစ်နာရီပဲရှိသေးတယ်။ ချိန်းထားတာက ရှစ်နာရီဆိုတော့ တစ်နာရီလောက် အိမ်မှ ဖလမ်းဖလမ်းထလို့ရသေးတယ်။ အဲဒီတော့ စာလေးဖတ်ဦးမှပဲ။ အလိမ္မာစာမှာရှိလို့ ပညာရှိတွေက ဆုံးမထားတယ်မလား။ လူရှိန်အောင်တင်ထားတဲ့စင်ပေါ်က စာအုပ်တွေကို ကြည့်လိုက်တယ်။ ကျွန်တော့်ကို လှောင်နေကျ ACCA စာအုပ်တွေကို မမြင်ယောင်ဆောင်ရင်း၊ IELTS နဲ့ ABE စာအုပ်တွေကို ဖုတ်လေတဲ့ငပိရှိတယ်မထင်သလိုသဘောထားကာ အဖုံးစိမ်လေးနဲ့သရုပ်ဖော်ထားတဲ့ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ချစ်သူ့အိမ်အမိုးနောက်မှာ လပျောက်ခဲ့ခြင်း ဆိုတဲ့စာအုပ်လေးကို ယူကာ ဖတ်လိုက်တယ်။
ကြုံခဲ့ဖူးပါ၏
ရင်ဦးမှာ လာ၍မမျက်သည့်
ရမ္မက် ဒဏ်ကြွင်း။
ချစ်သူရယ် သူ့တစ်နားတွင်မှ
နှစ်ကိုယ်ကြား ၀န်ခံလိုခဲ့
ကြမ္မာညို ဗျာပိုဝှေ့သည်
ကိုယ်တွေ့အခင်း။
Strange fits of passion have I known
And I will dare to tell,
But in the Lover’s ear alone,
What once to me befell.
ဆရာ William Wordsworth ရဲ့ ကဗျာလေးကို ဘာသာပြန်ထားတဲ့ဆရာ့ရဲ့ လက်ရာထူးမွန်တစ်ခု။ ဆရာကဆက်ရေးသလို ကိုယ်လည်းရေးမိပြီ။ ဘယ်လိုလဲဆိုတော့် … ကိုယ်လည်း ရင်ဖွင့်မိပြီကွဲ့ ချစ်သူရယ်….။
လွမ်းချင်တော့ဘူး ဆိုပြီး စာဖတ်မိကာမှ လွမ်းရပြန်တယ်။ ဆရာ့စာအုပ်ကို စင်ပေါ်ပြန်ပင့်တင်ရင်း ရွတ်မိတာက ” သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ၊ သူတစ်ယောက်မှာ ပျက်လင့်ကာတာ၊ ဓမ္မတာတည်း… ” ဆိုတဲ့ မျက်ဖြေလင်္ကာလေးပါပဲ။ ချစ်သူရယ် မင်းကိုကိုယ် အပြစ်မယူပါဘူး။ အပြစ်မယူဘူးဆိုတာထက် … လွမ်းနေဆဲပါကွယ်။
ဘယ်လောက်များအတွေးနယ်ချဲ့မိသည်မသိ… သတိရလို့ စက်နာရီကိုကြည့်လိုက်တော့ ၇:၅၅ ဆိုတော့ အတွေးစတွေကို ခဏခေါက်ရင်း တာဝတိတာခုနှစ်လွှာကနေ ခြေကျင်နဲ့ဆင်းပြီး စာတိုက်ကြီးရှေ့အရောက် ပြေးတစ်ချီ လျှောက်တစ်လှည့် ခြေစကြာလှည့်ရတော့တယ်။ တော်သေးတယ် နောက်မကျဘူး။ ရှစ်နာရီကွက်တိ ဆံခြည်တစ်မျှင်မလွှဲ ဖိနပ်သဲကြိုးကိုဆွဲလို့ရောက်အောင်သွားနိုင်ခဲ့တယ်။ လူစုံအောင်စောင့်ရင်း ထွေရာ တစ်ရာ့နှစ်ဆယ့်နှစ်မျိုးခွဲပြောပြီး ကားဂိတ်ကို ချီတက်ကြတယ်။ စုစုပေါင်းလူ ဆယ့်ရှစ်ယောက်.. အဲဟုတ်ဘူး။ ကျွန်တော်အပါ ဆယ့်ကိုးယောက်…။
Pooh ကားထဲက Pilet လေးလိုခုန်ပေါက်နေတဲ့ ဘီအမ်ကားကြီးပေါ်မှာ ပညာရှိစကားနားထောင်ရင်း ကျောက်တန်းက စာသင်ကျောင်းလေးကို ကျက်သရေရှိစွာ ဘွားကနဲမြင်လိုက်ရပါတယ်။ အော် တဲဘ၀ ကနေ တိုက်ပေါ်မှာ ကလေးတွေပညာသင်နေကြပါလား။ အစကတော့ မြက်ခင်းစိမ်းလေးပေါ့ ဒီနေရာလေးက….

အဲဒီကောက်ပင်စိမ်းနွဲ့ယိမ်းလဲ့လဲ့ လယ်ကွင်းပြင်ကြီးထဲက မြကမ္ဗလာကြီးကနေ ပထ၀ီမြေကြီးကိုထပ်ထည့်လို့….

အားမနာပါးမနာ ပထ၀ီမြေကြီးကို သဲနဲ့ရောသမမွှေ ထုထောင်းပြီးတူးဆတယ်။ ပြီးတော့ ဖောင်ဒေးရှင်းလေးလောင်းတယ်။


ပထမဆုံးကျောင်းတိုင်ကြီးပေါ့။ သမိုင်းဝင်မယ့်ကျောင်းတိုင်ကြီးပေါ့။



အဲဒီတုန်းကပေါ့လေ…


ကျောင်းတော်ကြီး ပြီးသွားပါပြီ။ ကျွန်တော်တို့တွေဖလမ်း ဖလမ်းထပြီး ဖလက်တွေတစ်ဖျက်ဖျက်နဲ့ဓါတ်ပုံရိုက်ခဲ့ကြတယ်လေ။

ဒါကတော့ ကျွန်တော်မမြင်လိုက်ရတဲ့ ဖဲကြိုးဖြတ်ပွဲလေးပေါ့။ အားလုံးပြုံးပျော်လို့။ အဲဒီလို အတွေးနယ်ခုန်ပျံကျော်လွှားရင်း ” ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀” ဆိုတဲ့အသံကြားတော့ အပူပင်ကင်းတဲ့ကလေးတွေပီပီ သူတို့လေးတွေကို

ဒီလိုမြင်လိုက်ရတော့ ၀မ်းသာပီတိဂွမ်းဆီထိရပါတယ်ဗျာ။ အောက်ကပုံလေးတွေကတော့ နတ်သုဒ္ဓါမှီဝဲနေတဲ့ ကျွန်တော်တို့ရဲ့အနာဂတ်လေးတွေ အားပါးတစ်ရ လွေးနေကြတဲ့ပုံလေးတွေပါ။



သူတို့လေးတွေ ဒီလိုအားမနာတမ်း စိတ်လွှတ်လပ်စွာ အာဟာရဖြည့်တာကိုကြည့်ရင်း ကျွန်တော် အိမ်မက်လေးမက်လိုက်ပြန်ပါတယ်။ ခုအိမ်မက်လေးကိုတော့ ဗြိတိသျှလို နွားရှေ့ထွန်ကျုးခွင့်ပြုပေးပါလားဗျာ။
I have a dream; one day every child in our country will have free basic education. They will be active learner, creative learner and critical thinker. They will also turn poverty tide and develop our country to stand as human with full dignity. I believed that my dream will come true.
ညနေငါးနာရီလောက်မြို့ထဲပြန်ရောက်တယ်။ လမ်းတစ်လျှောက်မှာလည်း ထွေရာသုံးပါးပြောရင်းနဲ့ပေါ့လေ။ ဘိုကလေးဈေးမှတ်တိုင်မှာ ဆင်းပြီး ဆိပ်ကမ်းသာပျံကျဈေးလေးမှ ဒီညစားဖို့ ၀က်သား၊ ကန်စွန်းရွက် ၀င်ဝယ်လိုက်တယ်။ သမုဒ္ဒရာ ၀မ်းဗိုက်မဟာအတွက်မဟုတ်လား။ အိမ်ရောက်တော့ ၀က်သားကို ရေဆေးလိုက်တယ်။ ဆားလေးနယ်တယ်။ ဂျင်းလေးဓါးပြားရိုက်ထည့်တယ်။ လျှို့ဝှက်တဲ့ဟင်းခတ်အမည်တွေထည့်တယ်။ ပဲငံပြာရည်နဲ့နယ်ပြီး ရေနဲ့ဆီထည့်တယ်။ မီးဖွင့်ပြီးတည်ထားတယ်။
မနက်တုန်းကလိုပဲ မကျိုးတဲ့ဟာကို ထပ်ချိုးတယ်။ ပြီးတော့ စားသောက်တယ်။ ကော်ဖီတစ်ခွက်ယူပြီး ကွန်ပစ်တာရှေ့ထိုင်တယ်။ ဟိုဟာဒီဟာ ကလစ်လုပ်ဖွင့်ဖတ်တယ်။ ရေးတယ်ချွတ်တယ်။ အဲလိုလုပ်နေတုန်း အိမ်အောက်လက်ဘက်ရည်ဆိုင်က “ တောင်ပြာတန်းက မောင့်အချစ်တွေ၊ ကြင်နာပါရက်နဲ့လမ်းခွဲကာ၊ မောင်ဖန်တီးတဲ့အချစ်ရက်ရှည်များစွာ၊ မဖြစ်နိုင်တော့တဲ့အခါမှာ၊ … “ ဆိုတဲ့ L လွန်းဝါရဲ့ ဂီတသံက နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာက အနူးညံ့ဆုံး အသည်းလွှာကို လှုပ်ခတ်ပြီး ကျွန်တော့်ရဲ့ ချစ်တဲ့……. ကို ပြန်အောင်းမေ့မိပြန်တယ်။ အဲဒါနဲ့ပဲ ဒါလေးကို ကီးဘုတ်ပေါ်လက်ချောင်းလေး မကြွတစ်ကြွ နိုပ်ကာ၊ နိုပ်ကာနဲ့ ကော်ဖီလေးကိုအရသာခံရင်း …. ။ ။
ည ၁၁နာရီ ၅၉ မိနစ် ၅၁ စက္ကန့်တွင် Ctrl+S ကိုနိုပ်ရင်း ရင်တွင်ဒဏ်မကြွင်းစေရန် ….. ချစ်ဖူးသော၊ ချစ်တတ်သော၊ ချစ်ရန်စဉ်းစားသော၊ ချစ်နေသော၊ ချစ်ပြီးသော၊ ချစ်သောသူအားလုံးသို့ …