ပထမတန်းအတွက် အမှတ်တစ်ရကတော့ ကျွန်တော့်ဘ၀ရဲ့ ပထမဆုံးနဲ့ အခင်ဆုံးသူငယ်ချင်းကောင်း စိုင်းအောင်ခမ်းနဲ့ ကြုံခဲ့တဲ့ကိစ္စပါပဲ။ တစ်ရက် ကျူရှင်မတင်ခင်လေးမှာ ကျွန်တော်တို့တွေ ဆရာမအိမ်ရှေ့က အုတ်ခုံလေးပေါ် လုပ်နေကြအတိုင်း အာလူးဖုတ်ကြတယ်။ ခဏနေတော့ လေပေါလှတဲ့ကျွန်တော်တို့ နှစ်ယောက် နေမထိထိုင်မသာဖြစ်လာတယ်။ ဖင်တစ်ကြွကြွ တစ်ရွရွဖြစ်လာတယ်။ မဖြစ်ဘူးဆိုပြီး
သူနာပြုဆရာမဖြစ်တဲ့ ဆရာမရဲ့အစ်မဆီကို ပြေးဝင်မေးကြတယ်။ သူနာပြုဆရာမက အယားသက်သာအောင်လိမ်းဆေးပေးတယ်။ နောက်မှသိရတာက အဲဒီနေရာကို လူပျိုကာလသားတွေ ညည လာပြီး ဂီတာတီးသီချင်းဆိုတာကို နားမခံသာတဲ့ ဦးလေးကြီးတစ်ယောက် ခွေးလှေးယားသီးတွေ စေတနာပလပွနဲ့ ကျဲဖြန့်ခဲ့လို့တဲ့။
ကျွန်တော့်ဘ၀မှာ ပထမဆုံးကျတဲ့စာမေးပွဲ ..။ ကျွန်တော်မှတ်မှတ်ရရ ဒုတိယတန်း ပထမအစမ်းစာမေးပွဲမှာ အင်္ဂလိပ်စာ ၃၂ မှတ်နဲ့ စာမေးပွဲကျဖူးပါတယ်။ မထင်မှတ်ထားတာလေးတစ်ခုပါ။ ဒုတိယတန်းဆိုတော့ စာမေးပွဲဆိုတာ ဆော့ဖို့လောက် အရေးကြီးတယ်လို့ မယူဆခဲ့ဘူးလေ။ ဒါပေမယ့် စာမေးပွဲကျလို့ ထိုင်ထလုပ်ခိုင်းမှ စာမေးပွဲဆိုတာ အရေးကြီးမှန်း စာမေးပွဲကျလို့ ထိုင်ထလုပ်ခိုင်းခံရရင် ရှက်စရာကောင်းမှန်းသိလာခဲ့တယ်။ ဘယ်လိုပဲပြောပြော အဲဒီနေ့ဟာလည်း ကျွန်တော့်မျက်လုံးထဲ သမိုင်းဝင်ရုပ်ရှင် တစ်ကားလို ပြန်ပြန်ပြနေဆဲပါပဲ။
တတိယတန်းလည်းရောက်ကော … စာမေးပွဲကျဖူးခဲ့တဲ့ အရှိန်ကြောင့် စာတော်တော်ကြိုးစားခဲ့တယ်။ ကြိုးစားဖို့ ဖိအားအနည်းငယ် မဆိုစလောက်အပေးခံရလို့လဲဖြစ်မှာပေါ့။ အမှတ်ရစရာကတော့ ခေါင်ရည်မူးတာပါ။ ကလေးဆိုပေမယ့် ကိုယ့်ထက်အတန်းကြီးတဲ့ အကိုကြီးတွေနဲ့လိုက်ပြီး ကျောင်းနောက်ကရွာမှာ ခေါင်ရည်နဲ့ မသိတဲ့အသီးတွေစားတယ်လေ။ မမူးခံနိုင်လား။ အန်လည်းအန်တယ်။ မူးလည်းမူးတယ်။ အမေအရိုက်ခံရတဲ့ ပထမဆုံးအကြိမ်ပေါ့။ ကျောင်းပြေး၊ ခေါင်ရည်သောက် တုတ်ကောက်နဲ့ ရိုက်ခံရတယ်ပေါ့လေ။
စတုတ္ထတန်း … မှတ်မိသလောက်ကတော့ ဖိအားများတဲ့ ကျောင်းတက်နှစ်တစ်နှစ်ပဲ။ အရိုက်ကြမ်းတယ်ဆိုတဲ့ ဆရာမရဲ့ ကြိမ်လုံးအောက်ကို ဆိုက်ဆိုက်ရောက်တဲ့ရက်များတွေပေါ့။ မပျော်ခဲ့ပါဘူး။ အရှက်ကွဲလည်းခံရ။ အရှက်လည်းရ။ ပြန်မပြောချင်ပေမယ့် ပြန်တွေးရင် ပြုံးမိစရာပေါ့။ နောင်ကြီးလာလို့ အဲဒီဆရာနဲ့ပြန်တွေ့ပါတယ်။ သူလည်း မာန်တွေလျှော့သွားပါပြီး။ ကျွန်တော်လည်း သူကျွန်တော့်အပေါ်လုပ်ရက်ခဲ့တာတွေကို ပြန်မပြောဖြစ်တာများပါတယ်။ အဲဒီနှစ်က ကျွန်တော် အဆင့်တစ်နှစ်သုံးမရဘူး ဟီး။
ပဉ္စမတန်း …. မှတ်မှတ်ရရ မြန်မာပြည်ကလာတဲ့ ဆရာမတွေနဲ့အများဆုံးသင်ရတဲ့နှစ်။ မြန်မာစာသင်တဲ့ အရပ်ရှည်ရှည်၊ မျက်မှန်နဲ့ နာမည်မမှတ်မိတော့တဲ့ဆရာမ။ အတန်းပိုင်ဆရာမ ဆရာမနန်းလောဝ်။ အေခန်း၊ ဘီခန်းဆို နှစ်ခန်းခွဲတဲ့နှစ် ဘာလို့လဲဆိုတော့ အခြားမူလတန်းက ကျောင်းသားတွေ ရောက်တဲ့နှစ်မို့.. သချာင်္သင်တဲ့ဆရာမက မြို့နယ်အင်ဂျင်နီယာကတော်၊ အင်္ဂလိပ်စာသင်တာက ဆရာမဒေါ်တင်လေးမော်၊ ဒါက မှတ်မိသလောက်ပေါ့လေ။ လူပျိုပေါက်တဲ့နှစ်ပေါ့ ဟိ။ ကျောင်းပြတင်းပေါက်ကနေခုန်ပြန်ကျော်လွှားဆော့လို့ အရိုက်ခံရပေမယ့် သူငယ်ချင်းသစ်တွေနဲ့ ကဲရလို့ ပျော်မဆုံးမျှော်မဆုံးတဲ့နှစ်… သူငယ်ချင်းတွေ ရည်းစားစာပေးတဲ့ကိစ္စတွေမှာ ကူညီခဲ့တယ်။ ၀မ်းနည်းစရာတစ်ခုက အောင်ခမ်းတို့ မိသားစု ကွန်ဟိန်းပြောင်းသွားတယ်။ အိုက်ကူး ကောင်မလေးတစ်ယောက်ကိုရည်းစားစာပေးတယ်။
