ထိုက်ထိုင်လည်း သေမည်နှင့် အိပ်မပျော်ခင်နိုပ်မိသော ပေါက်တတ်ကရ လေးဆယ်ခုနှစ်ဒသမငါး

 

ဒီည ၂၀၁၂ ဆိုတဲ့ ယခုကမ္ဘာကြီးရဲ့ အဆုံးသတ်ကိုပုံဖော်ထားတဲ့ အနောက်တိုင်း ရုပ်ရှင်ကို ကြည့်လိုက်ပါတယ်။ ကြည့်လိုက်ရင်းကနေ သေခြင်းအကြောင်း အာရုံထဲမှာ ဖြစ်လာတယ်။ ပြီးခဲ့တဲ့ သုံးလေးရက်က ကျွန်တော့်ညီ အိမ်အမြန်ပြန်သွားတယ်လေ။ ရှမ်းပြည်ကိုပါ..။ အဖေနေမကောင်းလို့တဲ့…။ အဲဒီ စိတ်ကရင်ထဲမှာ​ရှိနေသေးလို့လည်း​ ဖြစ်မှာပါ။

ကျွန်တော်ဟာ တစ်ကယ်ပြောရရင်တော့ သားဆိုးတစ်ယောက်မဟုတ်တောင် သားကောင်းတစ်ယောက်မဟုတ်​ခဲ့ပါဘူး။ မိဘတွေကို ခုချိန်မှာ ဘာဒုက္ခမှ မပေးပေမယ့် ကာယကံမြောက် ပြန်မတွေ့နိုင်ခဲ့ဘူးလေ။ သြော် ငါ့မိဘတွေကိုများ ဆုံးရှုံးလိုက်ရရင် ဆိုတဲ့ စိတ်က နှလုံးသားကို အားငယ်စေပါတယ်။ သတ္တ၀ါတစ်ခု ကံတစ်ခု​ ဆိုတဲ့စကားပုံက ရင်ထဲရောက်လာတယ်။ လူဆိုတာသေမျိုး၊ ဖြစ်ပျက်တွေဝင်လာတော့ စိတ်သက်သာလာသလို​လို​ ဒါပေမယ့်ရင်ထဲမှာတော့ အတွေးတွေက ၀ဲလည်နေတုန်းပါဗျာ။

ဘ၀အဆုံးဖြစ်တယ်လို့ တစ်ချို့ယူဆကြတဲ့သေခြင်းကို တို့လူသားတွေ ဘယ်သူက ရှောင်ဖယ်လို့မရဘူးလို့​သိရပါတယ်။ တစ်ခုပဲကွာကြမယ်ထင်တယ်။ ဘ၀ကိုနေပြီးသေသွားတဲ့လူနဲ့ မနေဘဲသေသွားတဲ့လူ ဒါပဲကွဲမယ်။

ကြားဖူးတဲ့ပုံလေးတစ်ခုလိုပေါ့။ တို့တွေကလေးဘ၀တုန်းက လူကြီးဖြစ်ချင်ကြတယ်။ အထက်တန်း​ဘ၀​ရောက်တော့ တက္ကသိုလ်တက်ဖို့ အားထက်သန်ခဲ့တယ်။ ကျောင်းတက်နေရင်း ကျောင်းပြီးစေချင်လှတယ်။ အလုပ်လုပ်ချင်လွန်းလို့ ..။ နောက်တော့ အိမ်ထောင်ပြုပြီး ကလေးတွေရလာတယ်။ ကလေးတွေအတွက်​ပေးဆပ်နေရလို့ ဘ၀ကြီးကသာယာနေတယ်။ အဲလိုနဲ့ အိုမင်းမစွမ်းဖြစ်ချိန်ရောက်တော့ အလုပ်လည်း​မလုပ်တော့ဘူး။ အဲဒီလို သေဖို့နီးလာမှ ဘ၀အဓိပ္ပာယ်တစ်ခုကို ရိပ်မိလာတယ်။ သြော် ငါလေ တစ်ဘ၀လုံး အသက်ရှင်ခဲ့တယ်။ နေဖို့ မေ့နေပါရောလား။ နေဖို့ မေ့နေခဲ့ပါလား။

ငါကော နေမှာလား .. မနေဘဲသေမှာလား။ ဒါပေမယ့် လူတစ်ယောက်ရဲ့ ကြမ္မာဆိုတာ ဆိုလို့​မရစကောင်းပါဘူး။ မအိုဘဲမယ့်လည်း သီးကင်းလေလို ကြွေကျနိုင်တာပဲ။ သဘာဝကြောင့်ဖြစ်ဖြစ် ပိုးထိုးလို့ဖြစ်ဖြစ် သစ်သီးတွေကြွေသလိုပေါ့။

သေမှာမလွှဲရင် တို့တွေ ဒီလောကထဲဘာလုပ်ဖို့လဲ။ ဗုဒ္ဓဓမ္မအရတော့ လောကမှာ ဖြစ်ပျက်နေရတာက ဒုက္ခ။ ဖြစ်ပျက်မရှိဘဲ ငြိမ်းချမ်းရာက နိဗ္ဗာန်.. ရောက်ရန်လမ်းက ရှစ်သွယ်.. ။ ရှင်းရှင်းလေးပါပဲ။ ဒါပေမယ့် ခုဒီမှာဆိုလိုတဲ့နိဗ္ဗာန်ဟာ ဘုံတစ်ခုခုကိုဆိုလိုတာမျိုးမဟုတ်ပါဘူး။ ဖြစ်ပျက်မရှိ အားလုံးချုပ်ငြိမ်းရာနေရာလေး​​ ကို ဆိုလိုတာပါ။ တက္ကသိုလ်တက်တုန်းက အန်တီကြီးဆိုင်မှာ သူငယ်ချင်းတွေ နိဗ္ဗာန်နဲ့ပတ်သက်ပြီး ငြင်းကြ​ တာမှတ်မိသေးတယ်။ ဘုံဟုတ်မဟုတ်ပေါ့။ ပညာရှိကြီးတွေက ဘယ်လို ရှင်းပြသွားတယ်ပေါ့။ မဟာစည် ဆရာတော်​ဘုရားဆုံးမသွားသလို သိချင်ရင် ကျင့်ကြံကြည့်ဆိုတာနဲ့ ငြိမ်သွားကြတယ်။

ဗုဒ္ဓဘာသာဆိုတာ ဂေါတမဗုဒ္ဓညွှန်ကြားအပ်တဲ့ လမ်းစဉ်အတိုင်းလိုက်သူကိုခေါ်တာတဲ့။ ဗုဒ္ဓဘာသာက ကိုးကွယ်တဲ့ဘာသာမဟုတ်။ ကျင့်သုံးတဲ့ဘာသာ။ ဆုတောင်းပူဇော်ရှိခိုးနေရုံနဲ့ မပြီးတဲ့ဘာသာ။ လိုက်နာ ကျင့်ကြံမှသာ ဗုဒ္ဒဘာသာ။ အပ္ပမာဒေထ သမ္မာဒေထ ဟူသတတ်။

ဂေါတမဗုဒ္ဓရဲ့ တရားတော် တွေထဲမှာ အကြိုက်ဆုံးက ကာလမသုတ်။ ဂေါတမ ကာလမနိဂုံး (ရွာ)အနီး တောထဲက ထွက်လာတော့ ရွာသူ၊ ရွာသားတွေက ရဟန်းကဘယ်သူလဲ စပ်စုကြတယ်ပေါ့။ အဲဒီတော့ ဂေါတမက ငါ ဘုရားလို့ဖြေတယ်။ ပရိသတ်တွေက ပြုံးရယ်ကြတယ်။ အကြောင်းစုံသိတော့ ဒီလိုပဲ ဒီတောထဲက ထွက်လာတဲ့ ရဟန်းတွေက ဘုရားလို့ပြောလွန်းလို့ ပြုံးရယ်ရကြောင်းသိရတယ်။ အဲဒီမှာ ဂေါတမမြတ်စွာဘုရားက ကာလမသုတ်လို့ အမည်တွင်မည့် တရားကို ဟောခဲ့တယ်။ ဘုရားပြောတယ်ဆိုလို့၊ မိဘလူကြီးပြောတယ်ဆိုလို့၊ ကိုချစ်တဲ့လူပြောတယ် ဆိုလို့ မယုံလိုက်နဲ့ ။ မိမိကိုယ်တိုင် ချင့်ချိန်ပြီးမှယုံဆိုတာလေးပါ့။

ဒါပေမယ့် ဥာဏ်နုလို့လား မသိ။ သေရာကကနေ နောက်တစ်ဘ၀ကူးတဲ့ကိစ္စကို လုံးဝပညာဥာဏ်မပွင့်ဘူး။ ဟိန္နူအယူအရတော့ လူတစ်ယောက်​ သေရင် နာမ်ခန္ဓာကြီးက ကျန်ခဲ့ပြီး ကျန်တဲ့ရုပ်တာကသာ မဟာဗြမ္မာကြီးဆီ ပြန်လည်ပေါင်းစည်းတယ်။ ဗုဒ္ဓ၀ါဒအရကျတော့ ရုပ်ကော၊ နာမ်ကော မကူးဘူး။ သတ္တိဓါတ်သာကူးတယ်ဆိုတယ်။ အဲဒီ သတ္တိဓါလေးဘယ်လိုကူးသလဲ။

သူငယ်ချင်းတွေနဲ့ ဆွေးနွေးတော့ အကောင်းဆုံးတစ်ခုနဲ့ရှင်းပြပါတယ်။ ဖယောင်းတိုင်မီးကူးသလိုပဲတဲ့။ နောက်ဖယောင်းတိုင်ကို ကူးသွားတဲ့မီးက ဟိုဖယောင်းတိုင်ကူးလာတာလည်းမဟုတ်ဘူး။ ဟိုဖယောင်းတိုင်လည်း မဟုတ်ဘူးတဲ့။ သူပြောသလိုဆိုတော့ သဘောပေါက်သလိုရှိပါတယ်။ ဒါပေမယ့် ဘ၀င် မကျချင်သေးဘူး။ သူပြောတာကိုလည်း မြင်လာတယ်။

ရင်းနှီးသူတွေပြောသလို ကိုယ့်ကိုကို ဆရာလုပ်တတ်တဲ့အကျင့်ရှိသာ သတိထားမိပါတယ်။ ခက်တာက အဲဒီ သတိ လွတ်လွတ်ပြီး ဆရာလုပ်မိသလိုဖြစ်သွားတတ်တယ်။ အဲလိုဖြစ်ခဲ့တယ်။ ဖြစ်နေတယ်။ ဖြစ်ဦးမယ်။ ဒါကြောင့် အားလုံးကို တောင်းပန်ပါတယ်။ ဗွေမယူပါနဲ့လို့။ ဗွေယူချင်လည်းယူပါ။ အားလုံးသေမျိုးပဲဟာ။

ကျမ်းခိုးစာရင်း- ကျော်ဝင်း- သစ္စာရှာဖို့မြင်းစီးသူနဲ့ အခြားဖတ်မှတ်သမျှ၊ သူငယ်ချင်းတွေနဲ့ တာဝက အန်တီကြီးဆိုင်၊ ကိုရင်အောင်သန်းဆိုင်၊ သုံးခွဆိုင်၊ အတန်းထဲမှာ သူများတွေ စာကိုအာရုံမရလောက်အောင် လေကျယ်ကျယ်နဲ့ ပညာရှင်ယောင်ဆောင်ဆွေးနွေးခဲ့တဲ့သမျှအပြင် စိတ်ကူးထဲပေါ်ရာတွေကို ကျမ်းခိုးထားပါတယ်။

မသေခင်ရေးဦးမယ် စိတ်ထဲရှိသမျှကိုကွယ်။ ဖတ်လျှင်ဖတ်သူ၏ တာဝန်သာဖြစ်၏။ ကျွန်ပ်မည်သည့်ကိစ္စကိုမျှ တာဝန်မယူ။ တာဝန်မခံ။ တာဝန်မရှိ။ ကိုယ်ရေးပြီးလျှင်ကိုယ့်ကိစ္စပြီးပြီမှတ်၏။ မပြီဘူးယူဆလျှင် အရေထူလျှင် ငြင်းနိုင်၏။ လိပ်ဂျပိုးမျိုးရိုးများကိုပင် အရှက်မရှိငြင်းတတ်သူ သူငယ်ချင်းရှိ၏။

ပလောဂ့်တွေ ခေတ်စားတဲ့ခေတ်ဆိုပြန်တော့လည်း ကိုယ်လည်းလေ လောကီသားပေဖို့ကြွားချင်လှပေလိမ့်​ဆိုသလို တွေးမိတွေးရာရေးမိနေဦးမှာပါ။ အချို့က ပြောပါတယ်။ ကိုယ့်အကြောင်း အူမချေးခါးမကျန် ယခုလို ပြောသူများဟာ မရှက်၍သာဆိုပြီး။ ပြောလည်းခံရပါမယ်။ မျက်စိဖုန်ဝင်တယ်ဆိုလည်း မဖတ်ဖို့သာ အကြံပေး လိုပါတယ်။ ရကန်စာဆိုတွေလို ပြန်ပြောရရင်တော့ အဲလိုသာ အူမချေးခါးမကျန်ရေးလို့ထင်တယ် ဆရာပီမိုးနင်း၊ ဆရာသော်တာဆွေတို့ နာမည်ကြီးနေတယ်လေ။

ယခုခေတ်ခါကြီးမှာ သူငယ်ချင်းတွေအချင်းချင်းတောင် လူချင်းတွေ့ပြီး ရင်ဖွင့်ကြိဖို့အချိန်သိပ်မရှိကြဘူး။ ဂျီတော့ ပြောရင်ပြောဖြစ်ကြမယ်။ ဂျီမေးနဲ့ အပြန်လှန် သတင်းပေးပို့ ဆွေးနွေးကောင်း ဆွေးနွေးမယ်။ လူချင်းအတွေ့ နည်းနည်းလာတယ်။ အဲဒီတော့ တစ်ယောက်တွေးမြင်သိ ခံစားတာတွေကို တစ်ယောက်သိဖို့မလွယ်လှဘူး။ အဲဒါကြောင့် ကိုယ့်စိတ်ထဲပေါ်သမျှ မှတ်တမ်းတင်ရင်း ဖတ်တဲ့သူတွေကို ဖျော်ဖြေခွင့်ရရင်ရ၊ ဟဲ့နင်ရေးတာတွေ မဆိုးဘူး ချီးကျူးခံရလည်းမနဲဆိုပြီး ရေးမိပြမိတာပါဗျာ။ မျက်နှာစာအုပ်ပေါ်မှာ ကိုရေးထားတာကို လက်မထောင်တဲ့ပုံလေးနိုပ်တဲ့ လူများရင် လိပ်မျိုးနွယ်လူပဲ ပျော်တာပေါ့ဗျာ။ အဲဒါတင်မကဘဲ ဇော်ဂျီဖောင့်လေး တွေနဲ့ဖြစ်ဖြစ် အင်္ဂုလိစာ၊ ဗြိတိသျှစာ၊ အမေရိကန်စာ၊ ဗားကလစ်၊ မြန်းကလစ်စာလေးတွေနဲ့ ကောထားရင် လည်း ကြိုက်မှကြိုက်.. ငါ့ခံစားချက်ကို ဂရုစိုက်တဲ့ လူသားပီသသူတွေရှိပါသေးတယ်လို့ တွေးရင်း ၀မ်းသာပီတိ ဂွမ်းဆီထိသလိုဖြစ်ရပါတယ်။ ဘယ်လောက်ဝမ်းသာသလဲဆို နူးညံ့တဲ့ဂွမ်းကို ဆီဆွတ်လိုက်လို့ ပိုနုးညံ့သွားသ လိုခံစားရတာကိုပြောတာပါ။ ဤကားစကားချပ်။

တစ်ကယ်တော့ ဒီစကားလုံးလေးတွေကို ကီးဘုတ်ပေါ်နိုပ်နေချိန်မှာ သိပ်နေမကောင်းပါဘူး။ အတွေးတွေလည်း ရူးနေပါတယ်။ သောက်ထားတဲ့ ဆေးရှိန်ကြောင့် အိပ်ချင်လာလိုက်၊ ကဖင်းကြောင့် မျက်လုံးကျယ်လာလိုက်၊ ပျက်သွားတဲ့မီးကြောင့် မျက်စိသူငယ်အိမ်ကျယ်လာလိုက်၊ ပြန်လာတဲ့မီးကြောင့် ပြန်ကျဉ်းလိုက်နဲ့လည်းဖြစ်နေ​ တယ်။ ဟိုသီးချင်းလိုပေါ့။ သွားရမည့်ခရီးက မိုင်ထောင်ချီဝေးသေးသည် ငါမအိပ်ခင်ဆိုသလိုပဲ။

ခုဆို ဒီလောကမှာ နေလာတာ ၂၄ နှစ်၊ ၅လနဲ့ ၁၀ရက်ရှိပါပြီ။ အများအကျိုးအတွက်လည်းငါဘာမှ မလုပ်ရသေးဘူး။ ငါ့အတ္တအတွက်ကော ဘာများလုပ်သေးလို့လည်း။ နေ့ရှိသမျှ … ခုနေသေရင်ဘယ်လို နေမလဲနော်။ ငါသေနိုင်ပြီလား။ နောင်ဘ၀ဆိုတာကြီးတော့ မလိုချင်ဘူး။ သေရင်ပြီးချင်ပြီ။ ပျော်တယ် မပျော်​ဘူးဆိုတာထက် ငါမနေချင်ဘူး ဘ၀ကို။ လောကကိုစွန့်ချင်နေတာ မဟုတ်ပေမယ့် မတွယ်တာချင်တာ။ ဒါပေမယ့် တွယ်တာနေသေးတယ်။ သေချင်လားဆိုရင် မသေချင်ဘူး။ ကြောက်လားဆို ကြောက်တယ်။ နေ့တိုင်းအကုသိုလ်လုပ်နေတယ်လေ။ ဘာအကုသိုလ်လဲဆိုရင် နေ့တိုင်းသတ်နေတယ်။ ခြင်သတ်တယ်။ ပိုးဟပ်ကို နေ့တိုင်း ဖိနပ်နဲ့ဒေါသတစ်ကြီးဖိသတ်တယ်။ ပုရွတ်စိတ်တွေကို ရေနဲ့လောင်းတယ်။ ဆေးဖြန်းတယ်။ အဲဒီအကောင်လေးတွေနဲ့ ကြွက်ကိုနေ့တိုင်း ဒေါသဖြစ်ရတယ်။ သူများအသားပါမှ ထမင်းစားကောင်းတော့ သတ်တာကို အားပေးတာနဲ့တူတယ်။ ၀က်သားသည်ကလည်း အလေးခိုးမှမြတ်မှာဆိုတော့ ခိုးမယ်ထင်တယ်။ အဲဒါကို သိရက်နဲ့ ၀ယ်ယူအားပေးနေတယ်။ အကုသိုလ်အားပေးတဲ့သဘော မဟုတ်လား။ အိမ်အောက် ယုဇန​နောက်ဆုံးကားဆိုပြီး တစ်ညတစ်ည နောက်ဆုံးကား ဆယ်စီးလောက်ထွက်နေတာလည်း မုဒိသာပွားပေး​နေရတယ်။ ကဲ ဘာကျန်သေးလဲ ကောင်းတာ။ စိတ်ထဲဝမ်းနည်းနေပေမယ့် ပြုံးပြနုတ်ဆက်နေရတာကော လိမ်ရာမကျပြန်ဘူးလား။ အသက်ရှုလိုက်တိုင်း ….. ဘာမှမလွတ်တော့သလိုပဲ။

မရေရာမသေချာ ပျက်စီးလွယ်သော အနာဂတ်မဲ့ဘ၀ကိုပိုင်ဆိုင်ထားသူ ခုစာဖတ်ရင်းလည်း စာရေးသူက သက်ရှိထင်ရှား ရှိချင်မှရှိတော့မှာ။ အချိန်မရွေးသေနိုင်တယ်။ ဆက်ထိန်းထားကြ အဲဒီသိက္ခာတွေ၊ မာနတွေ သေရင်လည်း သယ်သွား … ကူးတို့ခအပြင် တန်ဆာခပါများများဆောင်ရမှာဆိုတော့ ဒေါ်လာတွေလည်း ဆုထား။ နာရေးမှာ လှလှပပကြော်ငြာဖို့ ဘွဲ့တွေ၊ ဂုဏ်တွေလည်းများများရှာထား.. သား၊ သမီးတွေ အမွေလု ပြီးရန်သူဖြစ်အောင် ပိုင်ဆိုင်မှုတွေလည်းများများ ချိန်သွား။

မသေခင် နားခွင့်ပေးပါဦးခင်ဗျာ။ ကဲရွာစားကြီး ယူရိုဗေဒါရေ အီးဗွီဒီလေးကို ဖွင့်ပါလို့ နားလိုက်စို့လား။ …

၁ ရက် ၁၂ လ ၂၀၀၉ ခုနှစ် နံနက် ၁ နာရီ ၁၁ မိနစ် ၁၁ စက္ကန့်။ (ကီးဘုတ်နိုပ်ချက်ပေါင်း ၁၁၁၁၁၁)

 

About Htaik Seng

A tiny person trying to kindling little hope and finding lost soul. Hope I will dare to dream one day.

One response to “ထိုက်ထိုင်လည်း သေမည်နှင့် အိပ်မပျော်ခင်နိုပ်မိသော ပေါက်တတ်ကရ လေးဆယ်ခုနှစ်ဒသမငါး

  1. Shwe@Pollen

    အဖိုးကြီးအို ခါးကုန်းကုန်း မသေပါနဲ့ဦ်း။ နောက်နှစ်ခါတန်ဆောင်မုန်း ပွဲကြည့်ပါဦး၊
    တကယ်ပြောတာ။ မသေပါနဲ့ဦး။ နေပါဦး။ တကယ်တော့ သေဖို့ဆိုတာ ကိုယ်လုပ်ယူလို့ရပါတယ်။ အရမ်းအံ့သြဖို့ကောင်းပြီး စိတ်ပျက်စရာ ဥပမာတွေ အများကြီးပါ။ ကိုယ့်ကိုကိုယ်သတ်သေတဲ့ အောင်မြင်ကျော်ကြားသူတွေ မရေနိုင်ပါ။ သေချင်ရင် အရမ်းမခက်ပါဘူး။ နေရဖို့ကိုတော့ ကိုယ်ဆုံးဖြတ်လို့ ရလို့လား။ ငယ်ငယ်ကတည်းက ခဏခဏ စိတ်ဓာတ်ကျပြီး သေချင်စိတ်ပေါက်တယ်။ တစ်နေ့မှာတော့ အမြင်မှန်ရစေမယ့် အကြောင်းအရာလေးကို ဖတ်ရလိုက်တယ်။ လူကိုအရမ်းစွဲလန်းသွားလို့ စာအုပ်နံမယ် မမှတ်မိပါ။ ဒေါက်တာမတင်ဝင်းက ပညာရေးကိစ္စတစ်ခု ကျရှုံးမှုမှာ အရမ်းစိတ်ဓာတ်ကျပြီး သေချင်သလိုခံစားခဲ့ရတယ်တဲ့။ သူ့အမေက ဘာပြောလဲဆိုတော့ သေတာထက်ရှုံးတာ ဘာမှမရှိဘူးတဲ့။ မသေမချင်း ဘယ်လောက်ရှုံးရှုံး ကြိုးစားခွင့်ရှိပါသေးတယ်တဲ့။ အဲဒီကတည်းက သေဖို့မစဉ်းစားတော့ဘူး။ ဆန္ဒအရမ်းပြင်းပြရင် ဖြစ်ပါတယ်တဲ့။ IELTS Reading မှာဖတ်ဖူးတာ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ အဖိုးကြီးတွေ အဖွားကြီးတွေက အသက်ကိုဆွဲဆန့်ကြတယ်တဲ့။ တကယ်လေ့လာထားတာ။ မွေးနေ့တို့၊ မိသားစုတွေ့ဆုံပွဲတို့၊ မိသားစုအရေးကြီးရက်တွေမှာနဲ့ မတိုင်ခင်မှာ မသေကြဘူးတဲ့။ အထူးသဖြင့် တရုတ်မှာဆို နှစ်ကူးရက်ပြီးမှ သေကြတယ်တဲ့။ အဲဒီတော့ စိတ်ကဘာတွေကိုဘဲ စဉ်းစားနေမှာလဲ။
    အဖေလည်းနေမြန်မြန်ကောင်းသွားပါစေ။
    မိဘတွေကို ဘာဒုက္ခမှ မပေးတာကိုက ဒုက္ခပေးနေသူတွေနဲ့ယှဉ်ရင် လိမ္မာတာပေါ့။
    ငါ့မိဘတွေကိုများ ဆုံးရှုံးလိုက်ရရင် ဆိုတဲ့ စိတ်က နှလုံးသားကို အားငယ်စေရင် မိဘကိုတတ်နိုင်သလောက် သူတို့တွေနဲ့မခွဲခင် သိတတ်လိမ္မာဖို့ကြိုးစားပေါ့။
    အတွေးတွေက ယောက်ယတ်ခတ်နေတာဘဲ။ အလယ်မှာမနေဘဲ အစွန်းတွေကိုတွေးနေတယ်။ မှန်တာတွေက အရမ်းမှန်ပြီး တချို့ဟာတွေက လွဲနေတယ်။ အကောင်လေးတွေကို သတ်တာမကောင်းမှန်းသိတယ်။မှန်တယ်။ ရှောင်လို့ရတာဘဲ။ ငါဆိုနင်သတ်တယ်ဆိုတဲ့ အကောင်တွေတစ်ကောင်မှမသတ်ဘူး။ မတော်တဆဆိုတာကိုတောင် တတ်နိုင်သမျှသတိနဲ့ရှောင်တယ်။ အသားစားတဲ့ကိစ္စကိုတွေးတာကတော့ လွဲနေတယ်။ အစွန်းကနေမတွေးပါနဲ့။ သီတဂူဆရာတော်ကြီးဟောထားတဲ့တရားတစ်ပုဒ်ရှိတယ်။ ကတ်သီးကတ်သတ်တွေ မတွေးဖို့ပါ။ တစ်နေ့ဆရာတော်တရားဟောလို့အပြီးမှာ ဒကာတစ်ယောက်ကလာမေးတယ်တဲ့။ ဘုရားက သတ္တ၀ါတွေကောင်းစားဖို့၊ ကယ်တင်ဖို့ ပွင့်လာတာလို့ပြောတယ်။ ဒါပေမယ့် ဒေ၀ဒတ်တို့က ဘုရားကြောင့်ပျက်တာ ဘယ်လို့လုပ်မလဲတဲ့။ ဆရာတော်က ပြန်မေးတယ်။ မိုးမရွာလို့ရမလားတဲ့။ ဘယ်ရမလဲ။လူတွေဒုက္ခရောက်ကုန်မှာပေါ့။ အဲလိုဘဲ မိုးရွာလို့ ပုရွက်ဆိတ်တို့ဘာတို့ မသေဘူးလား။ ဒါဆိုမိုးကမရွာရတော့ဘူးလား။ ပြောချင်တာက မဇ္ဈိမပဋိပဒါတွေးပါ။ အသားစားတဲ့ကိစ္စနဲ့ပတ်သတ်ပြီး ဘုရားလက်ထက်ကတည်းကမေးလို့ ဘုရားကိုယ်တော်တိုင် ဟောထားပါတယ်။ ငါတို့ နင်တို့ စားနေတဲ့ပုံစံက အကုသိုလ်မဖြစ်ပါဘူး။ နင် အရှင်တွေဝယ်တာတို့ ဈေးသည်ကိုသတ်ခိုင်းတာတို့ မလုပ်ရင်ပေါ့လေ။
    Blogရေးတာနဲ့ပတ်သတ်ပြီးတော့လည်း အရမ်းပြောချင်တာလေးရှိတယ်။ အစကတော့ မပြောတော့ပါဘူးလို့ဘဲ။ ခုတော့အရမ်းပြောချင်လို့။ နင်ရေးတာတွေက အရမ်းကောင်းပါတယ်။ ဒါပေမယ့် တချို့ဟာတွေကို သတ်သတ်စီခွဲတင်လို့မရဘူးလား။ ခံစားချက်တွေရောနေတာကို ငါနားလည်ပါတယ်။ blogger တွေဆိုတာ ရောက်တတ်ရာရာရေးကြတာကိုလည်းသိတယ်။ ဒါပေမယ့် ဥပမာပြောရရင် ပထမပိုင်းမှာ ရည်းစားဟောင်းနဲ့ အသည်းကွဲတဲ့အကြောင်း၊ ပြီးလည်းပြီးရော ကျောင်းလေးတစ်ကျောင်းဖြစ်တည်လာမှုနဲ့ အဲဒီ့မှာလူမှုရေးတွေလုပ်ကြတာတွေရယ်၊ အဆုံးမှာတော့ အလှူရှင်များလိုနေပါကြောင်းနဲ့ အဆုံးသတ်ထားတယ်။ လူတွေက ဘာကျန်ခဲ့မလဲ။ ကိစ္စနှစ်ခုက ဘာမှမဆိုင်တော့ ဘာမှကိုအာရုံမရတော့ဘူး။ အာရုံမှာကျန်ခဲ့တဲ့သူတွေကကော။ ငါသာဆိုရင်တော့လုံးဝမလှူ။ အဆိုးဆုံးပြောရရင် လူကြီးလူကောင်းတွေကတောင် တွေးနိုင်ပါတယ်။ ဒီကောင်ဖွမ်ကြောင်လား၊ ဒီကျောင်းလေးကို လှူရင်ကောင်းမလားကွယ်။ ခုလည်းကြည့်။ ဘာမှမဆိုင်ဘူး။ အစပိုင်းတော့ ဘုရား၊ တရား၊ နိဗ္ဗာန်၊ သြော်ကောင်းလေစွ၊ မှန်လေစွ၊ တရားကျစရာတွေ၊ အတွေးအခေါ်လေးကောင်းလိုက်တာပေါ့။ ပြီးလည်းပြီးရော blog ရေးတဲ့အကြောင်းတွေနဲ့ စာဖတ်သူကိုလည်း စိန်ခေါ်ထားသေးရဲ့။ အပြင်မှာပြောတာဆိုရင်တော့ ငါ့လိုလူမျိုးနဲ့တွေ့ရင် ခဲနဲ့ထုခံရမယ်။ ခုပြောတာတွေ စိတ်ဆိုးနဲ့နော်။ နူးညံ့တဲ့ဂွမ်းကို ဆီဆွတ်လိုက်လို့ ပိုနုးညံ့သွားသ လိုခံစားလိုက်ဦး။
    အများအကျိုးအတွက်လည်းငါဘာမှ မလုပ်ရသေးဘူး တဲ့၊ ဘယ်သူပြောလဲ။ အဲဒီ့ကောင်ကိုငါ့ဆီခေါ်ခဲ့။ မသေမချင်း ကလိထိုးသတ်ဖို့ဘဲကောင်းတယ်။
    မသေခင် နားခွင့်ပေးပါဦးခင်ဗျာတဲ့။ စွပ်စွပ်စွဲစွဲ။ လောကကြီး သနားဖို့ကောင်းလိုက်တာ။ သူ့ကိုဘယ်သူကများ ဘာတွေ မနားမနေ ခိုင်းနေပါလဲ။ တစ်ချိန်လုံး ကိုယ့်ဒုက္ခကိုယ် အမျိုးမျိုးရှာနေတဲ့သူကများ။ ဒီလူကိုလည်း မသေမချင်း သားရေကွင်းနဲ့ ပစ်သတ်စေ။
    နောက်ဆုံးအနေနဲ့ ငါ့ညီမလေးငါ့ဆီ ရေးလိုက်တဲ့ စာထဲက တစ်ချို့ဟာလေးတွေကို နင့်ကိုလက်ဆောင်ပေးချင်လို့ပါ။
    Only I can make myself happy. It’s not family, friends, success or money. It’s all WE who can make ourselves happy and who can make those we love realize that they must seek for their own happiness.

    Why we would let ourselves unhappy and down while we are going upwards?

    Please enjoy your life alone or with family or with someone. Life is unpredictable. Don’t let us, all around you, feel sorry for you. If you can’t be happy, it would be hard for us to be so.
    ပုံပြင်လေးကတော့ ဒါပါဘဲကွယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

htaikseng’s emotional life business blog

Htaik Seng’s Emotional Life Business

NetworkedBlogs

Enter your email address to follow this blog and receive notifications of new posts by email.

Join 194 other followers

%d bloggers like this: