မေလ ၂၅ ရက် ၂၀၁၂ ခုနှစ် (၀ါ) သာမန်နေ့တွေထဲက တစ်ညနေခင်း မိုးမင်းမှောင်မိုက်ချိန်

ကောင်းကင်ပေါ်က တိမ်တိုက်တွေမဲမှောင်နေသည်။ မိုးတို့ဖြင့် ရွာချစေချင်လှသည်။ ဒါမှသာ ကောင်းကင်ကြီး ကြည်လင် ၀င်းပလာလိမ့်မည်။ မိုးဆဲစ နေရောင်တို့ဖြင့် ပန်းမြတ်လေးများ ပိုလန်းစေချင်သည်။ သို့သော် ရာသီဥတု ဟူသည်ကား ကိုယ့်အလို လိုက်လိမ့်မည်မထင်။ အတွေးတွေလည်း ဟိုရောက် ဒီရောက်ဖြစ်နေသည်။ ဒီရုပ်ခန္ဓာလည်း ကိုယ့်ကို အလိုမလိုက်တော့ပြီ။ စိတ်ဟူသည်လား လားရာသွားနေသည်။ 

ရာသီဥတုက ကိုယ့်ဘက်မှာ ပါမနေချေ။ ခပ်သဲသဲ ခပ်ညံညံ မိုးသံကိုနားထောင် မိုးငွေ့ကို ထိတွေ့ရင်း ကော်ဖီသင်းသင်း သောက်ရမည့် အကြံကိုလည်း စွန့်ရတော့မည်ထင်သည်။ ညနေချိန်မှသည် ညနက်ဆီသို့ ချဉ်းကပ်တိုင်း ကော်ဖီထပ်ထပ်သောက်လျှင် အိပ်ဖို့စိတ်တွေ မငြိမ်ဖြစ်တတ်လာသည်ကိုလည်း အသိပင်။ သို့သော် ထိုကော်ဖီသင်းနံ့ကို တိတ်တခိုး မျှော်သောက်နေမိသည်။ 

ဘ၀ဆိုတာ မျှော်လင့်ခြင်းနဲ့ အသက်ရှင်ရတာတဲ့။ မိုးလေးများ မစဲ တသဲသဲရွာမလားလို့ မျှော်မိပါသည်။ လ မထွက်လည်းနေပါ။ မိုးနတ်မင်းသာ ကောင်းချီးပေးစမ်းစေဗျာ။ တစ်ကယ်တော့ မိုးက ရွာချင်မှလည်း ရွာမည်။ ရွာလျှင်လည်း ရွာမည်ဆိုတာကို အသိပင်ဖြစ်သည်။ 

စိတ်တွေ မှိုင်းနေချိန်မှာ ကိုယ့်ခံစားချက်ကို နားမလည်ပေးတောင်မှ နားထောင်ပေးမည့် အဖော်ကိုတော့ ခုံမင်မိသည်။ အထူးသဖြင့် ကျောင်းတုန်းက ခင်ခဲ့သော သူငယ်ချင်းတွေကို သတိရသည်။ မိမိအတွက် ပိုလည်းမတွေးပေး လိုလည်းမတွေးပေး အမြင်ကို အသိပေးတဲ့သူငယ်ချင်းတွေ……။ 

ရာသီစက်ဝန်းတွေနဲ့အတူ မိမိအသက်သည်လည်း တစ်နှစ်ပြီး တစ်နှစ် ဂဏန်းတွေကြီးလာခဲ့ပြီ။ ခုထိ နှစ်ချီမေးလာသော အခြေခံမွေးခွန်းကို ကိုယ့်ဘာသာ မသေချာသေး။ မှားယွင်းတဲ့ ခံစားချက်တစ်ခုမှာ တစ်ဘ၀လုံး အဓိပ္ပာယ်မမဲ့ချင်တာ တစ်ခုတည်းနဲ့ ဘ၀ဟာ ဟင်းလင်ပြင်ဖြစ်နေခဲ့သည်။ 

မျက်စိတစ်မှိတ်ပေါင်းများစွာ ဖြတ်ကျော်ခဲ့ပြီ။ နေသည်လည်း ဆည်းဆာပေါင်း ထောင်ချီဖြတ်ခဲ့ပြီ။ ခုထိ ကိုယ့်ဘ၀နေခြည်မလင်းလက်သေးသည်တော့ ကိုယ့်အသိပင်။ ထို အာရုံနံနက်ခင်းတစ်ခုကို မျှော်နေပေဦးမည်။ သို့သော် မျှော်နေရုံနဲ့ မပြီး။ တစ်ခုခုတော့ လုပ်မှ ဖြစ်မည်။ သို့မှသာ ထိုမနက်ခင်းသည် မိမိလိုချင်သော ဒါမှ မဟုတ် မိမိနှလုံးသားနှင့်ကိုက်သော နံနက်ခင်းဖြစ်ပေလိမ့်မည်။ 

နေ့သစ်တစ်နေ့

နေ့သစ်တစ်နေ့

ဒါမှ မဟုတ် နေ၀င်ဆည်းဆာရောက်မှ ထိုအလှဖြင့်ပင် ကျေနပ်အားရလျှင်လည်း မိမိ သေပျော်လောက်မည်ထင်ပါသည်။ မျှော်လင့်ခြင်းတည်းဟူသော ထိုအရာသည် ပန်ဒိုးရာအိုးထဲတွင် ရှိနေပါလိမ့်ဦးမည်ဟု မျှော်ကိုးရင်း………………………………………. မဲမှောင်နေတဲ့ တိမ်တိုက်အောက်မှာ လမ်းထွက်လျှောက်လိုက်ပါဦးမည်။ 

 

About Htaik Seng

A tiny person trying to kindling little hope and finding lost soul. Hope I will dare to dream one day.

Leave a comment

NetworkedBlogs

Enter your email address to follow this blog and receive notifications of new posts by email.

Join 194 other subscribers