- လာလာလေလိုက်ခဲ့တော့ တို့ဘိုးဘွားတိုက်အိမ်
- နာဂစ်နဲ့အတူပြိုကျလာ ခုထိပြန်မဆောက်နိုင်သေးပါ
- ပြိုကျလုလု မကျခင်ဖေးမလို့တွန်းတင်ဖို့ပြင်
စီအက်အိုင်၏ စတင်လှုပ်ရှားသက်ဝင်ရာ လှိုင်သာယာဘိုးဘိုးဘွားဘွားဖေးမမှုအစီအစဉ် အရဘိုးဘွားတို့၏ ရိပ်မြုံဂေဟာတို့သည် လတစ်လ၏ ပထမတနင်္ဂနွေနှင့် တတိယဗုဒ္ဗဟူးနေ့တို့တွင် စေတနာရှင်လူငယ်တို့ရောက်ရှိနေမှု့ကြောင့် ရယ်မောသံများ၊ ကြည်နူးမှုအလင်းတန်းများတို့ဖြင့် အေးချမ်းလှပေသည်။
စေတနာမိုမောက်သော ယုယုလွင်ဦးက “ကျွန်တော်လေ – ငါ့သားတွေ၊ ငါ့သမီးတွေလာဟေ့ ဆိုတဲ့ခေါ်သံကို ကြားလိုက်ရတာနဲ့ ဘစ်ကားစီးရလို့၊ ကားမှတ်တိုင်ကနေ အဘွားတွေအိမ်ရောက်အောင် နေပူကြီးထဲသွားရတာတွေ မေ့သွားလို့ ကြည်နူးစရာကောင်တယ်” ဟုမန္တလေးသူသံဖြင့် တစ်ခုတ်တစ်ရ ပြန်ပြောတတ်လေသည်။
လူငယ်အဖွဲ့ဝင်တွေ့ရဲ့ရင်တွင်းပဲ့တင်သံအရ အဘိုးအဘွားတို့ကလည်း သူတို့ကိုလာရောက်ကူညီသော စေတနာရှင်လူငယ်များနှင့် “ ငါ့သမီးလေးက ကိုးရီယားမင်းသမီးလေးပါဟာ” စသဖြင့် စလိုက်၊ နောက်လိုက် စကားပြောလိုက်နှင့် ကြည်နူးနေသည့်မြင်ကွင်းကို စိတ်မျက်စိ၊ စိတ်နားတွင် မြင်ယောင်နေမိပေသည်။ “သူတို့ဘ၀ကို မပြောင်းပေးနိုင်ပေမယ့် တဒင်္ဂစာ သူတို့နှလုံးသားမှာ ပျော်ရွင်မှုအရိပ်လေးတွေထင်သွားတာပေါ့” ဟု လူငယ်အဖွဲ့ဝင်သစ်များကို ရှင်းပြနေတတ်သော ကိုအောင်ဆင့်၏ မမောနိုင်မပမ်းနိုင်သံကိုလည်း လူငယ်အဖွဲ့ဝင်သစ်တွေရောက်လာတိုင်း ကြားရဦးမည်ပင်ဖြစ်သည်။
စေတနာထွန်းပေါက်လွန်းသည့် လူငယ်တို့သည် မိုးရာသီနီးကပ်လာပြီဖြစ်သည့်အတွက် အာကာသကောင်းကင်ကို တိုးလျှိုပေါက်မြင်နေရသည့် ဘိုးဘိုးဘွားဘွားတို့ အိမ်ခေါင်မိုးအား မပြုပြင်ပေးဘဲ မနေနိုင်သည်ဖြစ်ရာ ဖာထေးပြုပြင်ပေးရန် တာစူပြင်ဆင်နေကြသည်ကိုလည်း သာဓုခေါ်မိလောက်အောင် ၀မ်းသာပီတိဖြစ်ရပေသည်။ သူတို့လေးတွေ ပြင်ဖို့လိုတဲ့ အိမ်တွေရေတွက်ပြတော့ လူမူရေးအဖွဲ့၏ ပူးပေါင်းကူညီစီစဉ်သူ မောင်မင်းကိုက “အားလုံးပါပဲတဲ့ ခင်ဗျား” ဟုဝင် အရွှန်းဖောက်လေ၏။ ဓါတ်ပုံထဲတွင်ထင်နေသောပုံရိပ်များအရ မောင်မင်းကိုပြောသည့်အတိုင်း ပင်အိမ်ဂေဟာလေးများမှာ အမိုးတင်မကတစ်အိမ်လုံး ပြင်ရန်လိုအပ်ပေသည်။ သို့ပေငြားလည်း ရရှိမည့်အလှူငွေပေါ်ချင့်ချိန်ကာ အိမ်အမိုးနှင့် တံတား (မသီရိနှင့် မဇာနည်က တို့တွေနဲ့သူတို့ကြားကူးသွားရတာမို့ မေတ္တာရင်ခွင်ဆက်တံတားဟုခေါ်တွင်ထားသောတံတားများ) ကိုဦးစားပေးပြုပြင်သွားမယ်လို့ သိရပါတယ်။
ယင်းသို့ မိမိတို့နှင့် သွေးမတော်၊သားမစပ် သူစိမ်းပြင်ပြင်ဘိုးဘွားတို့အရေး ရှေ့ထားကြသည့် နောင်အနာဂတ်၏ ကြယ်ပွင့်လူငယ်မောင်မယ်တို့စေတနာအား စက္ကူဖြူပေါ်တွင် ဆေးစက်နီချသည့်ပမာ ပိုမိုပေါ်လွင်လာအောင် တတ်အားသမျှ မေတ္တာရှေ့ထား၊ ဂရုဏာအလည်ထည့်ကာ စေတနာပလပွနဲ့ ကူညီလိုက်ကြစို့လား။ ။
(ကုန်ကျမည့်စရိတ်အသေးစိတ်ကို မကြာမီတင်ပြပါမည်။ အကြံပေးစို့လား ရောင်းရင်းများ တို့ဘိုးဘွားတွက်မို့ လက်မြန်ကြပါစို့။)